Search Box

Members

Friday, January 25, 2013

အမြဲတမ်းလွယ်လွယ်နဲ့ ရနေမယ်ဆိုရင် နည်းနည်းလေး ဆုံးရှုံးတာနဲ့ ခံနိုင်ရည် မရှိဘူး – ဝမ်း

Q. ဝမ်းတို့စုံတွဲကို ဖက်ရှင် icon အဖြစ် သတ်မှတ်ထားတဲ့အပေါ် ဝမ်းရဲ့ခံစားချက်
A. သြော် အဲဒီလို သတ်မှတ်ထားတယ်လား။ အဲဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ ဝမ်းက ဖက်ရှင်ကို နဂိုကတည်းက ဝါသနာပါတယ်။ စိတ်ဝင်စားတယ်။ ဒီလိုပဲ သွားရင်းလာရင်းနဲ့ လေ့လာဖြစ်တယ်။ သေသေချာချာတော့ အချိန်ပေး မလေ့လာဖြစ်ဘူး။
Q. အနုပညာအလုပ်ပေါ်မှာရော
A. ဝမ်းအတွက် အနုပညာအလုပ်က အပျိုဘ၀နဲ့ ခုအိမ်ထောင်သည်ဘ၀ ဘာမှမကွာဘူး။ အတူတူပဲ။ ဒါပေမဲ့ ခုက သေချာ အချိန်မပေးနိုင်တော့လို့ သိပ်မလုပ်ဖြစ်တော့တာ။
Q. အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ အိမ်ရှင်မဖြစ်ရတဲ့ ခံစားမှုကရော
A. ပျော်ပါတယ်။
Q. မိခင်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ နားလည်လာတဲ့ မိဘမေတ္တာက
A. မိဘမေတ္တာဆိုတာက အနှိုင်းမဲ့ပါပဲ။ အရမ်းကို ကြီးမားပါတယ်။ မိဘကျေးဇူး ဆပ်နိုင်ဖို့ဆိုတာလည်း မလွယ်ဘူးဆိုတာ သိလာရတယ်။
Q. အပျိုဘ၀တုန်းက ဝမ်းရဲ့ တစ်နေ့တာနဲ့ ခုတစ်နေ့တာ
A. အပျိုဘ၀တုန်းကတော့ ဝမ်းအတွက် ဘာမှမထူးခြားဘူး။
နံနက်အိပ်ရာနိုးရင် အဆင်သင့် လုပ်ထားပေးတာ စားတယ်။ ပြီးရင် ဖုန်းပြောချင်ရင် ပြောမယ်။ ပြီးအလှပြင်မယ်။ ကျောင်းရှိရင် ကျောင်းသွားမယ်။ ဒီလိုပဲ။ ခုတစ်နေ့တာကတော့ တော်တော်လေး အလုပ်ရှုပ်တယ်။ နံနက်နိုးလာတာနဲ့ ဖစ်ဖစ်တုန်ကို ထိန်းရတာ ညမိုးချုပ်တဲ့အထိပဲ။ ကျန်တဲ့အချိန် နည်းနည်းလေးကပဲ ကိုယ့်အတွက် ဖြစ်သွားတယ်။
Q. ဖစ်ဖစ်တုန်က ဝမ်းတို့အတွက် ကံကောင်းပျော်ရွှင်မှုတွေ ယူဆောင်လာတဲ့ ကလေးလို့ ပြောကြတယ်။
A. ၀မ်းကတော့ အဲဒီလိုပြောကြတာ တော်တော်ပြည့်စုံနေပြီ ထင်ပါတယ်။ ဝမ်းကတော့ သားနဲ့ပတ်သက်ရင် ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။ သားသားနဲ့ ပတ်သက်ရင် အမှတ်တရတွေ အများကြီးပဲ။
Q. ခု အဘိဓမ္မာသင်တန်း တက်ဖြစ်ဖို့ စိတ်ကူး
A. အဓိက  Alpine က မဂျူးလီ၊ ကိုလွင်မိုး အမျိုးသမီး မမေသူတို့နဲ့က သူငယ်ချင်းတွေ ဖြစ်တယ်။ သူတို့က အဘိဓမ္မာ သင်တန်းတက်တော့ ဝမ်းကိုလည်း တက်ပါလားဆိုပြီး ခေါ်တယ်။ အဲဒီမှာ No က ရတနာရယ် ၊ ကိုဖိုးကာ အမျိုးသမီး မတိမ်နွယ်အေးတို့လည်း ပါတယ်။ ဝမ်းရဲ့အစ်မက အရင်ဆုံးတက်တယ်။ သူတို့က စကတည်းက တက်ဖို့ခေါ်တာ ၀မ်းကကလေးနဲ့ မအားတော့ မတက်ဖြစ်ဘူး။ ခုနောက်ပိုင်းမှာ တစ်ပတ်တစ်ရက် ရအောင်တက်မယ် ဆုံးဖြတ်ပြီး တက်ဖြစ်တာ။
Q. အဲဒီသင်တန်းတက်ပြီး ဝမ်းရဲ့သိလာတဲ့အရာတွေက
A. ဝမ်းတက်တာ သိပ်တော့မကြာသေးဘူး။ ဒါပေမဲ့ တစ်ရက်ဆို တစ်ရက် ဝမ်းမသိသေးတဲ့အရာတွေ အကုန်သိလာတယ်။ ဥပမာပြောရရင် အလှူလုပ်တယ်ဆိုရင် ဝမ်းတို့က ရိုးရိုးပဲ အလှူလုပ်လိုက်တာ။ ဒါပေမဲ့ အလှူလုပ်တဲ့အချိန်မှာ စိတ်ထားတတ်ဖို့ အဲဒီလိုလေးတွေ သိလာရတယ်။
Q. နောက်ထပ်တက်ဖြစ်တဲ့ သင်တန်းတွေ ရှိပါသေးလား။
A. အိမ်ထောင်ကျပြီးမှ ပန်းအလှပြင်သင်တန်း တက်ဖြစ်တယ်။ ဝမ်းက အစကတည်းက ပန်းတွေအလှပြင်တာ စိတ်ဝင်စားတယ်။ ၀ါသနာပါတယ်။ သူငယ်ချင်းတွေ အကုန်တက်ကြမယ်ဆိုတာနဲ့ပဲ တက်ဖြစ်သွားတယ်။
Q. လှပပျော်ရွှင်တဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ခံစားမှု
A. ဝမ်းခုနေရတဲ့ ဘ၀ကို ပျော်ရွှင်သလို ကျေနပ်မှုလည်း ရှိတယ်။ ဝမ်းအိမ်ထောင်ကျတာ စောတယ်ဆိုပေမယ့် အပျိုဘ၀တုန်းက ကိုယ်လုပ်ခွင့်မရတဲ့ အရာတွေကိုလည်း လုပ်ခွင့်ရှိလာတယ်။ ဝမ်းက ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ဘယ်အချိန်ဖြစ်ဖြစ် ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်ကရှိပြီးသား
ဝမ်းရဲ့ အမျိုးသားကလည်း ၀မ်းကို ပံ့ပိုးပြီးလုပ်ပေးတယ်။ ၀မ်း သင်တန်းသွားတဲ့ အချိန်ဆိုရင် သူကအိမ်ကကိစ္စတွေ လုပ်ထားတယ်။ ကလေးထိန်းတယ်။ သူမကူညီဘူး ဆိုရင်လည်း ၀မ်းက ကိုယ်လုပ်ချင်တာတွေ ဘယ်လုပ်လို့ရမလဲနော်။
Q. အိမ်ထောင်တစ်ခု သာယာဖို့ ဘယ်သူက ပိုအရေးကြီးတယ် ထင်လဲ။
A. နှစ်ယောက်စလုံး အရေးကြီးတယ်။ သူ့နေရာနဲ့သူပေါ့။
Q. အိမ်ထောင်ရှင်မ တစ်ယောက်အနေနဲ့ အလှအပအတွက်ရော ဘယ်လိုထိန်းဖြစ်လဲ။
A. အဲဒီလို တကူးတကကြီးတော့ လုပ်ယူထိန်းသိမ်းတာမျိုး မရှိဘူး။ ကိုယ် နေ့စဉ်ပုံမှန်ပဲ တစ်ကိုယ်ရေသန့်ရှင်းအောင် နေထိုင်ပြီး အာဟာရမျှတတဲ့ အစားအသောက်ပဲ စားပါတယ်။
Q. ကို R ဇာနည်ကို သည်းသည်းလှုပ်အားပေးတဲ့ မိန်းကလေးပရိသတ်တွေနဲ့ ဆုံရင် ဘယ်လိုခံစားရလဲ။
A. သူတို့ကကိုဇာနည်ရဲ့ အနုပညာကို အားပေးတာ ဖြစ်တဲ့အတွက် ဝမ်းဘယ်လိုမှ မခံစားရပါဘူး။
Q. သားသားကိုရော ဒီအရွယ်မှာ ဘယ်လိုထိန်းသိမ်းပဲ့ပြင်မှု ပေးလဲ
A. သားသားက အခုအရွယ်လေးနဲ့ တတ်နိုင်သလောက် နားလည်လွယ်အောင် စကားတွေအများကြီး ပြောရတာပေါ့။ ပြီးတော့ အရာရာကို သူ လိုတိုင်းရတယ်ဆိုတာမျိုး ဝမ်းမဖြစ်စေချင်ဘူး။ ဘ၀မှာ လောကကြီးထဲမှာ ရတာဆိုတာလည်း ရှိမယ်။ မရဘူးဆိုတာလည်း ရှိမယ်။ သူက အမြဲတမ်းလွယ်လွယ်နဲ့ ရနေတယ်ဆိုရင် ဘ၀မှာသူက နည်းနည်းလေး ဆုံးရှုံးတာနဲ့ သူခံနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် သူပူဆာတဲ့အရာတိုင်းကိုလည်း အမြဲတမ်း ဝယ်ပေးချင်မှ ဝယ်ပေးတာ။ သူဖြစ်ချင်တာကို ဝမ်းလိုက်လျောလေ့ သိပ်မရှိဘူး။ ဆယ်ခုမှာ တစ်ခုလောက်တော့ ကန့်သတ်ထားတယ်။
Q. ကို R ဇာနည်ရဲ့ ပရိသတ်ကို ဘာတွေပြောချင်ပါသေးလဲ
A. ကိုဇာနည်ရဲ့ ပရိသတ်တွေကို ဝမ်းကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အားပေးပါလို့ ပြောချင်ပါတယ်။
Ref: 8 Days Journal

No comments:

Post a Comment

Flag Counter