Search Box

Members

Tuesday, June 19, 2012

My View On Opposite Sex ( ချမ်းချမ်း )

“တကယ်ဆိုရင် အချစ်ပဲလိုတယ်” တေးစီးရီးမှာ ပရိတ်သတ်များရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး သူ့ရဲ့ ဒုတိယစီးရီးဖြစ်တဲ့ “သိပ်ချစ်တယ် အရမ်း မုန်းတယ်” စီးရီးကလည်း အားပေးမှု ထပ်မံ ရရှိခဲ့တာတွေ တွေ့ရပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ တတိယစီးရီးအတွက် ပြင်ဆင်ရတယ်လို့ ဆိုပါတယ်။ ဒီလို ပရိသတ်များအတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်တတ်သူ ချမ်းချမ်းကတော့ အချစ်နဲ့ ပတ်သက်ရင် ယောက်ျားလေးတွေက နားလည်ရ ခက်တယ် ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ အချစ်နဲ့ ပတ်သက်ပြီး ခံစားချက် ယောက်ျားလေးအပေါ် အမြင်တွေကို ချမ်းချမ်းနဲ့ ခဏတာ တွေ့ဆုံခိုက်မှာ မေးဖြစ်ခဲ့ပါတယ်။





အမျိုးသမီးတစ်ယောက်ဖြစ်ရတဲ့အတွက် ဘယ်လိုခံစားမိသလဲ
အမျိုးသမီးတစ်ယောက် ဖြစ်ရတာကလည်း အားသာချက် ကိုယ်စီရှိကြတယ်။ လူ့လောကထဲကို လူတွေ အများကြီး ရောက်လာဖို့အတွက် အမေတွေကပဲ သားသမီးတွေကို မွေးဖွားပေးကြတာလေ။ မွေးမိခင် ဆိုတာက မိန်းမမှာပဲ ရှိတယ်။ ယောက်ျားမှာ မရှိဘူး။  “မိန်းမမာ ယာသဲကိုးဖျာ”  ဆိုတဲ့အတိုင်း မာယာက မိန်းမတွေပဲ လုပ်တတ်တယ်။ ဒါပေမဲ့ မိန်း လေးတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရလည်း မဖြစ်ဘူး။ အားလုံးက သူ့နေရာနဲ့သူပါပဲ။
ယောက်ျားလေးနဲ့ ပတ်သက်လို့ ရင်ခုန်တတ်ခဲ့တာကော ဘယ်အရွယ်ကတည်းကလဲ
ချမ်းချမ်းက ဆယ်တန်းလောက်အထိ ကိုယ့်ရပ်ကွက်ထဲမှာ သွားချင်ရင်ရာသွား၊ ကစားချင်ရာ ကစား အဲ့လို နေလာတာဆိုတော့ အချစ်နဲ့ ပတ်သက်ပြီး သည်းသည်းလှုပ်တာမျိုး မရှိခဲ့ဘူး။ အနုပညာအလုပ်တွေ လုပ်ရင်းနဲ့မှသာ ချစ်တဲ့သူကို တွေ့လာရင်း ရင်ခုန်လာခဲ့တာပေါ့။
ယောက်ျားတစ်ယောက်ကို နားလည်ရခက်သလား
ဟင် နားလည်ရခက်တာပေါ့။ အရမ်းလျှိုတတ်တဲ့ ယောက်ျားဆို ပိုဆိုးတာပေါ့။ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ကြိုက်တာလေ။ ကိုယ်က ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး တဲ့တိုး ပြောတတ်တယ်။ သူတို့က မြုံထားတော့ ဘာဖြစ်ချင်တာလဲဆိုတာ မသိဘူး။ ဒါကတော့ ညှိယူရတာပေါ့။ ကိုယ်ကြိုက်တဲ့ အချက်ရှိသလို မကြိုက်တဲ့ အချက်တွေလည်း သူ့မှာ အများကြီး ရှိနိုင်တာပဲလေ။
ဘယ်လိုယောက်ျားလေးမျိုးကို သဘောကြသလဲ
ဒါကတော့ ပုံသေမရှိပါဘူး။ ဘုရားပေးသလောက်ပေါ့နော်။ ကိုယ်က လိုချင်တိုင်းလည်း ရတာမှ မဟုတ်တာ ကိုယ်က စံနမူနာ သတ်မှတ်ထားပြီးမှ ဒါတွေနဲ့ တစ်ခုမှ မတိုက်ဆိုင်တဲ့ သူတွေနဲ့လည်း ရသွားနိုင်တာပဲ ဆိုတော့ ကံကြမ္မာကို ကြိုမမြင်နိုင်ဘူး။ ဒါကြောင့် တထစ်ချ မပြောနိုင်ဘူးပေါ့နော်။
ဘယ်လိုစကား ဘယ်လိုအသံက ချမ်းချမ်းအတွက် Feeling လာသလဲ
တချို့ကျတော့လည်း “ အသည်းလေး ရေ” “ အချစ်ကလေး ရေ ” “ အသက်ကလေး ”ရေလို့ ပြောမှ တချို့ မိန်းကလေးတွေ က ကြွေတာ ရှိတယ်။ ချမ်းချမ်းက ကိုယ်ကိုယ်တိုင်ကလည်း မူရာမာယာနဲ့ မချွဲတတ်တဲ့သူ ယောက်ျားဆန်တဲ့အတွက် ယောက်ျားဆန်တဲ့ ပုံစံမျိုးကိုပဲ သဘောကျတယ်။

အခုခေတ်ယောက်ျားလေးတွေကို ချမ်းချမ်း ဘယ်လို မြင်သလဲ။
အခုခေတ် ယောက်ျားလေးတွေက မိန်းကလေးတွေထက်စာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တဲ့ စိတ်တွေက များလာတယ်။ အရင်ကတော့ အလုပ်ထက်စာရင် ကိုယ်အားကိုး မှီခိုရမယ့် မိန်းကလေးတွေကို ပိုရှိတတ်ကြသလိုပဲ။ ဒီခေတ်မှာ ကိုယ်ထူးကိုချွန် ကိုယ်လုပ်မှ ကိုယ်စားရမယ့် အသိ စိတ်ဓာတ်လေးတွေ ရှိလာကြတဲ့အတွက် မိန်းကလေးနဲ့ ယောက်ျားလေး တန်းတူ ဖြစ်လာတယ်လို့ ထင်တယ်။
ရိုင်းတဲ့ယောက်ျားလေး တစ်ယောက်မြင်ပြီး ကိုယ်ရဲ့မောင်သာဆို ဘယ်လို ဆုံးမလိုက်မယ်ဆိုတဲ့ စိတ်ကောဖြစ်ဖူးလား
အဲ့လိုတော့ မြင်ဖူးတယ်။ တချို့က မူးပြီး ရမ်းကားတာ ဆဲတာတို့ ရှိကြတယ်။ ဒါကတော့ စဉ်းစားကြည့်ရင် သူတို့ ကြီးပြင်းတဲ့နေရာ သူတို့ရဲ့ ဗီဇမျိုးရိုးကြောင့်ရယ် နောက် သူတို့ကို သွန်သင်ဆုံးမပေးတဲ့ မိဘ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ အတွက်ကြောင့် ဒီလိုဖြစ်တာ လူတိုင်းက မွေးကတည်းက ဆဲတတ်ပြီး မွေးလာတာ မရှိဘူး။ ဒါကြောင့် သူမွေးလာတဲ့ ပတ်ဝန်းကျင် မိဘတွေရဲ့ သွန်သင်ဆုံးမမှုနဲ့ပဲ ဆိုင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ်နဲ့သာ နေရရင် ဒီလိုဖြစ်မလား သူ့ကို နေရာကောင်းမှာ ကြီးပြင်းစေချင်တဲ့ စိတ်တော့ ဖြစ်မိတယ်။
ယောက်ျားလေးတွေကြောင့် ချမ်းချမ်း စိတ်ပျက်စရာ စိတ်အနှောင့် ယှက်ဖြစ်စရာတွေ ကြုံဖူးလား
တချို့ကတော့ ပရိသတ်ထက် Over ဖြစ်ပြီး နှောင့်ယှက်တဲ့ ပုံစံမျိုးတောင် ရှိတယ်။ အိမ်အောက်မှာ စောင့်တာတို့ မီးပျက်တဲ့အခါ ၀ုန်းခနဲ ပေါ်လာတာတို့ အဲ့လို မကြိုက်ဘူး။ အားပေးတာကိုတော့ ကျေးဇူးတင်တယ်။ မနက်ရော ညရော ဖုန်းတွေ တဂွမ်ဂွမ် ဆက်တယ်။ ခေါ်မရရင် စိတ်ဆိုးတယ်။ ကိုယ်ကတော့ ပရိသတ်တစ်ယောက် အနေနဲ့ သူ့ကို တန်ဖိုးထားတယ်။ သူကတော့ ကိုယ့်ကို နှောင့်ယှက်တဲ့ သဘော အလုပ်ပိုင်းမှာရောပေါ့။ အဲ့လိုဆိုတော့ စိတ်မသက်သာ ဘူး။ ဒါမျိုးကို မကြိုက်ဘူး။ ကိုယ့်ကို အားပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ကိုယ့်ထမင်းရှင် ဖြစ်လို့လည်း လေးစားတယ်။ ဒါပေမဲ့လည်း အတိုင်းအတာ တစ်ခုအထိပဲ။ အရမ်းနှောင့်ယှက်ရင်တော့ ချမ်းချမ်းရဲ့ ပရိသတ် မဟုတ်တော့ဘူး။ အမုန်းခံချင်ရင်တော့ ဆက်လုပ်လို့ ပြောတော့ ငြိမ်သွားတယ်။
အထီးကျန်နေတဲ့အချိန် မျှဝေခံစားပေးနိုင်တဲ့ ယောက်ျားလေး သူငယ်ချင်းတွေကော ရှိလား
Model လောက စရောက်တုန်းကတော့ နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ်။ ဒီရေတိုးတို့၊ မိုးထက်ပိုင်တို့ စသဖြင့်ပေါ့။ နောက်ပိုင်း အလုပ်ကိုယ်စီနဲ့ မအားကြတော့တဲ့အတွက် မဆုံဖြစ်ဘူး။ အများကြီး အားမကိုးတတ်ဘူး။
ယောက်ျားလေးတစ်ယောက်မှာ ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်လို့ ချမ်းချမ်း ထင်သလဲ
ဒါကတော့ ပြောလို့မရဘူး။ ကိုယ်က ဒီလိုပုံစံ မကြိုက်ပေမယ့် ကြိုက်တဲ့ မိန်းကလေးတွေလည်း ရှိမှာပဲ။ အဓိကကတော့ ကိုယ်လက်ခံနိုင်တဲ့ အရည်အချင်းရှိရင်တော့ အရည်အချင်း ပြည့်ဝတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်မှာပေါ့နော်။
ဘယ်လို ယောက်ျားလေးမျိုးကို မိတ်ဆွေဖွဲ့ချင်သလဲ
ချမ်းချမ်းက ယောက်ျားဆန်တဲ့ ယောက်ျားလေးကိုပဲ ကြိုက်တယ်။ မိန်းကလေးတွေကို အလျှော့ပေးရမယ်။ အကူအညီ လိုရင်လည်း အနိုင်ကျင့်တဲ့ စိတ်ရှိတာကို မကြိုက်ဘူး။ မိန်းကလေးတစ်ယောက်ကို မြင်ရင် မှားတာဖြစ်စေ၊ မှန်တာဖြစ်စေ အကူအညီ ပေးတတ်ရမယ်။
ပြည်တွင်းပြည်ပ အောင်မြင်တဲ့ ဘယ်အမျိုးသားတွေကို သဘောကျသလဲ
ချမ်းချမ်းက စပိန်အဆိုတော် Enrique Iglesias ကို ကြိုက်တယ်။ သူက ဆွဲဆောင်မှု ရှိတယ်။ ခန္ဓာကိုယ်ရော ၀တ်တဲ့ Fashion ကိုရော ဘယ်နေရာကိုပဲ ရောက်ရောက် ဘယ်နေရာမှာပဲ ကြားကြား သူ့ရဲ့ အသံကို မှတ်မိတယ်။
ကိုယ့်ကို သဘောကျနေတဲ့ ကောင်လေးတစ်ယောက်က အနီးကပ် ဂရုတစိုက် ရှိလာရင်ကော ချမ်းချမ်းဘယ်လို ခံစားရသလဲ
ဒါကတော့ သူနဲ့အများကြီး ဆိုင်တယ်။ ကိုယ်နဲ့ ပတ်သက်နေတဲ့ အဆင့်အနေအထား၊ ကိုယ်ရဲ့ရည်းစားလား ဒီအခြေအနေပေါ် မူတည်တယ်။ သာမန်ဆိုရင်တော့ ဆိုးရွားတယ်။
အိမ်ထောင်ဖက်ရွေးရင်ကော သူဦးဆောင်တာ ကြိုက်သလား၊ ချမ်းချမ်းကပဲ ဦးဆောင်ရတာ ကြိုက်သလား
ဒါကလည်း တန်းတူညီမျှပဲ သူကလည်း ဦးဆောင်သင့်တဲ့ နေရာမှာ ဦးဆောင်ရမယ်။ ကိုယ် ဦးဆောင်တဲ့ နေရာမှာလည်း ကိုယ်ဦးဆောင်ရမယ်။ စီးပွားရေးမှာ သူဦးဆောင် အိမ်မှုကိစ္စမှာ ကိုယ်က ဦးဆောင်ပေါ့နော်။

ကိုယ့်ကိုသဘောကျပြီး ချဉ်းကပ်လာသူထဲမှာ ရယ်ရတာကော ရှိလား
အရင်ကျောင်းတက် ကျူရှင်သွားတုန်းက စကားလိုက်ပြောတာ ရှိတယ်။ ကိုယ်ကလည်း အတတ်နိုင်ဆုံးတော့ ရှင်းပြတယ်။ မရရင်တော့ “ငါ့ကို ဆက်လိုက်ရင် ခွေးတစ်ကောင်လိုပဲ ပစ်ထားမှာနော်”လို့ ပြောလိုက်တဲ့ အတွက် ရှက်သွားတယ်။
အမျိုးသားတွေဆီက ဘယ်လိုလက်ဆောင်မျိုး ရတတ်သလဲ
များသောအားဖြင့် ရေမွှေး၊ လက်စွပ်၊ Fancy လေးတွေ ၊ အခွေတွေပေါ့နော်။ သိမ်းထားဖြစ်ပါတယ်။ ထွေထွေထူးထူးတွေကတော့ မရှိပါဘူး။
ချမ်းချမ်းကို ကဗျာတွေ ရေးပေးဖူးတာတွေကော ရှိလား
အရင်တုန်းကတော့ ချမ်းချမ်းကို ကဗျာတွေ ရေးပေးဖူးတာ ရှိတယ်။ ကိုယ်ကတော့ သူ့ကို သီချင်းလေးတွေ ရေးပေးဖူးတယ်။ အဲ့လို ကဗျာ ရေးပေးတော့ သူက ကိုယ့်အပေါ်မှာ ခံစားတဲ့ မြင်တဲ့အမြင်တွေကို သိရတယ်။ ကိုယ့်ကိုတင်စားပြီး ရေးထားတာ၊ ပွင့်ပွင့်လင်းလင်း ရေးထားတာလည်း ရှိတယ်။ ချမ်းချမ်းက ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ ကဗျာတွေကို ကြိုက်တယ်။
မျှော်လင့်ထားတာနဲ့ လက်တွေ့မှာ ရလာတဲ့ လက်တွဲဖော်က ကွာခြားတာတွေ တွေ့ရတဲ့အတွက် ချမ်းချမ်းကကော
ဒါကတော့ ဘယ်အရာကိုမဆို အရမ်းကြီး မျှော်လင့်မထားတာ အကောင်းဆုံးပဲ။ လက်ထပ်ပြီးမှ အချိုးပြောင်းသွားတာ ရှိသလို လက်မထပ်ခင်ကတည်းက အချိုး ပြောင်းသွားတာလည်း ရှိတယ်။ ပုံသွင်းတာက ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို နိုင်နင်းထိန်းချုပ် နိုင်ရင်တော့ မိန်းမတစ်ယောက်ရဲ့ ပရိယာယ်နဲ့ပဲ ဆိုင်တယ်လို့ ထင်တယ်။
မိဘတွေက သမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ကြာတာကိုကော ချမ်းချမ်းဘယ်လို ထင်သလဲ
မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ မတူဘူးလေ။ ယောက်ျားလေးက ည ၁၂ နာရီ ၁နာရီ သူများအိမ်မှာ အိပ်ရင်လည်း ရတယ်။ မိန်းကလေးက ယောက်ျားလေးတွေထက် ပို သတိထားရတယ်။ မိန်းကလေးတွေက ထိလွယ် ကြွေလွယ်တော့လေ။
ဟင်းချက်တဲ့ ယောက်ျားလေးတွေကိုကော ချမ်းချမ်း သဘောကျလား
ဘက်စုံတော်ထားရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့လည်း အရမ်းကြီး နူးညံ့သွားရင်တော့ မကောင်းဘူး။
အလှအပကို လိုအပ်တာထက် ပိုပြီးပြင်တဲ့ အမျိုးသားတွေကိုကော သဘော ကျသလား
အဲ့ဒါကိုတော့ လုံးဝမကြိုက်ဘူး။ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ သဘာဝထက် ပိုပြီး လှချင်ပချင် မျက်ခုံးမွေး စိုက်တာတွေ မကြိုက်ဘူး။ သဘာဝက ကြည့်လို့ကောင်းပေမဲ့ ပြင်ဆင်ပြီးမှ ကြည့်ကောင်းတယ်ထင်တဲ့ ယောက်ျားမျိုးကို ယောက်ျားလို့ မထင်ဘူး။ အရုပ်ကြီး တစ်ရုပ်လို ဖြစ်နေမှာလေ။
ချမ်းချမ်းကကော ကိုယ့်ကိုယ်ကိုယ် ဘယ်အပိုင်းက ယောက်ျားလေးနဲ့ တူတယ်လို့ ထင်ရသလဲ
ဒါက အရပ်ရှည်တာ ပြီးတော့ စကားပြောရင် တဲ့တိုးဘွင်းဘွင်း ပြောတာတွေက ယောက်ျားနဲ့ ဆင်တယ်လို့ ထင်တယ်။
ဘယ်လို Body Structure မျိုးကို သဘောကျသတိထားမိသလဲ
ယောက်ျားမှန်ရင် ရှိသင့်တဲ့အရပ် Body Structure ဗလတွေတော့ ရှိရမှာပေါ့လေ။ တစ်ကိုယ်လုံး အဆီဖုံးနေရင် အမြင်မှာလည်း မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ ယောက်ျားတစ်ယောက်က အရပ်နဲ့ Body Structure ကျတာ လှရင် ဘယ်လို အ၀တ်အစားဝတ်ဝတ် Fashion ကျတယ်။ အဆီတွေ ဖုံးဝနေပြီး မလိုက်ဖက်တာ ၀တ်ရင်တော့ ကြည့်ရတာ တော်တော်ဆိုးမှာပဲ။
လူပျိုကြီး ဘာကြောင့် ဖြစ်နေကြသလဲလို့ ထင်သလဲ
လူပျိုကြီး ဖြစ်နေတာကတော့ “ လက်ပေါက်ကပ် ” နေလို့ ထင်တယ်။ ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ်လို့ လူပျိုကြီးတွေ ဖြစ်နေကြတာလို့ ထင်တယ်။ အရမ်း ကြေးများတယ်။ လူ့ဘ၀က တိုတိုလေးပါ။ ကိုယ်လိုချင်တဲ့ အတိုင်းအတာကို အပြည့်အ၀ ဘယ်သူမှ ရကြတာ မဟုတ်ဘူး။ အိမ်ထောင်ကျနေတဲ့ သူတွေကို ကြည့်လိုက် အလုံးစုံ အပြည့်အ၀ ပျော်ရွှင်နေတာ မရှိဘူး။ တစ်ခုမကောင်းရင် တစ်ခုကောင်းတာပဲ။ ဒါတွေကို ဒဏ်မခံနိုင်ကြတဲ့အတွက် အပျိုကြီး လူပျိုကြီးတွေ ဖြစ်နေကြတာ။ သူတို့က ကြေး အရမ်းများတယ်။ သူတို့ ယုံကြည်တဲ့ တစ်ဖက်စွန်းကို ရောက်နေလို့ အပျိုကြီး လူပျိုကြီး ဖြစ်နေကြတာ။ ဒါပေမဲ့ အပြစ်တော့ မရှိကြဘူး။ ဒါပေမဲ့ သူတို့ဘ၀မှာ သူတို့ ပျော်နေကြတာပဲ။

မင်းအိုက်စွန်းန်
Photo By 7 Picture
Wedding Dress & Photo Studio
The Chic Magazine

No comments:

Post a Comment

Flag Counter