Search Box

Members

Tuesday, June 19, 2012

အရာရာသာ စီမံပိုင်ခွင့်ရှိရင် ကားတွေကို မိုးပေါ်ပျံစေချင်တယ် (အိချောပို)

 ဆံပင်ရှည်ရှည်နဲ့ သွယ်လျလှပနေတဲ့ သူမကို ပရိသိတ်တွေက ကြော်ငြာတွေကနေ တစ်ဆင့် သတိထားမိနေကြတယ်။  အာခီဒို အားကစားနည်းကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ပြီး သဘာဝကျကျ လုပ်တတ်တဲ့သူ အနုပညာပျိုးခင်းကနေ ပရိသတ်ကို ချပြလိုက်တဲ့ အနုပညာပန်းပွင့်လေး အိချောပိုကို ဒီတစ်ပတ် 8 DAYS Cover Star အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
အခု လတ်တလော လုပ်ဖြစ်နေတာက
အခုကတော့ ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်နေရတယ်။ နောက်ပြီး ကြော်ငြာတွေလည်း ရိုက်ထားတာတွေ ရှိပါတယ်
ကိုယ်က ဇာတ်ကားတွေလည်း ရိုက်လာရတော့ အသစ်တစ်ယောက် အနေနဲ့ အခွင့်အရေး ဘာတွေပိုရတယ်ထင်လဲ။
ကိုယ်က အသစ်ဆိုပေမယ့် ဒီအစ်ကိုတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေရာကနေပဲ တင်ရိုက်တယ်။ ဇာတ်လမ်းဆိုရင်လည်း ကိုယ်တွေကို ဦးစားအရမ်းပေးတယ်။

အဲဒါဆို အနုပညာပျိုးခင်းမှာ ပါဝင်လိုက်ရလို့ ရလာတဲ့ အကျိုးကျေးဇူးတွေဆိုရင်
ပထမဆုံးရတဲ့ အကျိုးကျေးဇူးကတော့ ပရိသတ်တွေက ပိုသိသွားတယ်။ ကိုယ်ကြိုးစားပိုင်ခွင့် အခွင့်အရေးလေးတွေ ရလာတယ်။ အဲဒါတွေကလည်း တကယ်ကောင်းပါတယ်။
ကိုယ့်အနေနဲ့ သရုပ်ဆောင် လုပ်လာတဲ့အခါ ဘယ်လိုအပိုင်းတွေကို ပြန်လည် သင်ယူရလဲ။
အခုအချိန်အထိကတော့ အနုပညာနဲ့ ပတ်သက်ပြီး သင်ယူနေတုန်းပါပဲ။ ကိုယ့်ထက်ဝါရင့်တဲ့ သူတွေက ဘယ်လိုတွေ သရုပ်ဆောင်လဲ။ သူတို့ဆီကလည်း ပြန်လည် သင်ရတာတွေရှိတယ်။ ကိုယ်တက်ခဲ့တဲ့ အနုပညာ ကျောင်းတော်က သင်ပေးလိုက်တာတွေကလည်း တော်တော် အသုံးဝင်ပါတယ်။
ညီမလေး ဘဝမှာ အခုအချိန်အထိ နောင်တရစရာ အကြောင်းအရာဆိုရင် ဘာဖြစ်မယ်ထင်လဲ။
အခုအချိန်အထိတော့ နောင်တရစရာဆိုတာ မရှိသေးပါဘူး။ အားလုံးကို အကောင်းဆုံး ကြိုးစားတဲ့အတွက် အကောင်းဆုံးတွေပဲ ဖြစ်လာမယ် ထင်ပါတယ်။ ကိုယ်ပျော်တဲ့ အလုပ်ကို လုပ်နေရတဲ့အတွက် စိတ်ချမ်းသာပါတယ်။
အခုအချိန်မှာ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့သူကရော ဘယ်သူဖြစ်မလဲ။
ကိုယ့်အဖေ၊ အမေတွေကတော့ အဓိကပေါ့။ အနုပညာနဲ့ ပတ်သက်ရင်တော့ နိုင်ငံခြားကားတွေဆိုရင်လည်း ကြည့်တယ်။ မြန်မာကားတွေ ဆိုရင်လည်း လေ့လာတယ်။ သူတို့တွေကို အတုယူတာမျိုးတွေလည်း ရှိပါတယ်။
အနုပညာ အလုပ်ကရော ကိုယ့်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်မိလဲ။
ဒီအလုပ်က ညီမအတွက်တော့ အရေးအကြီးဆုံးပဲလို့ ပြောလို့ရတယ်။ ကိုယ်ကလည်း အရမ်းဝါသနာပါတဲ့ အတွက် တကယ်လည်း ကြိုးစားသွားမှာပါ။
ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရင်ရော ဘယ်လိုဖြေရှင်းဖြစ်မယ် ထင်လဲ။
ကိုယ့်ဘက်ကတော့ ရိုးရိုးသားသားနဲ့ ပုံမှန်ပဲ ကြိုးစားသွားမယ်။ ဆုံးရှုံးသွားရင်တောင် ကိုယ့်ဘက်ကကြိုးစားရင် ပြန်ရနိုင်မယ် ထင်တယ်။ အဲဒါက မှန်ကန်တဲ့နည်းလမ်း ဖြစ်မယ်လို့လည်း ထင်တယ်။
ကိုယ့်စိတ်တည်ငြိမ်ဖို့ရော ဘယ်လိုတွေ လေ့ကျင့်တတ်လဲ။
အဓိကကတော့ ဘုရားတရား အလုပ်ကို ပိုလုပ်တယ်။ စိတ်ကို ငြိမ်းချမ်းအောင်ထားတယ်။ စိတ်ညစ်နေရင်လည်း အေးချမ်းတဲ့ သီချင်းတွေကို နားထောင်တယ်။ စိတ်ပျော်ရွှင်အောင် အတတ်နိုင်ဆုံးနေပါတယ်။
ဘဝကို ကိုယ်ကသာ အရာရာစီမံပိုင်ခွင့် ရှိမယ်ဆိုရင် ဘယ်လိုစီမံချင်လဲ။
တကယ်သာ စီမံရမယ်ဆိုရင် ကားတွေကို မိုးပေါ်ပျံစေချင်တယ်။ ဘာလို့လဲဆိုတော့ အချိန်တွေ နောက်ကျတာလည်း သိပ်မရှိတော့ဘူးလေ။ အလုပ်တွေလည်း မြန်မြန်ပြီးမယ် ထင်တယ်။
အခုအချိန်မှာ ကိုယ်ကဘယ်နေရာမှာ ရောက်နေပြီလို့ ခံစားမိလဲ။
အဲဒီလိုမျိုးတော့ မစဉ်းစားမိပါဘူး။ နေရာဆိုတာကလည်း ပရိသတ်က သတ်မှတ်ပေးတာပါ။ အနုပညာသမားဆိုတာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ပဲ ရပ်တည်နေရတာပါ။
ကိုယ်က ထာဝရပိုင်ဆိုင်ချင်တဲ့ အရာမျိုးရောရှိလား။
ကိုယ်က ထာဝရအနုပညာရှင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။ အဲဒါကိုတော့ လိုချင်တယ်။
ကိုယ်ဝမ်းနည်းရင် ဘယ်သူ့ကို အရင်ဆုံးတမ်းတလဲ။
ကိုယ်စိတ်မချမ်းသာစရာ အချိန်မျိုးဖြစ်ခဲ့ရင်တော့ မိသားစုနဲ့ပဲ ဖြတ်သန်းပါတယ်။ သူတို့နဲ့ အတူတူဖြေရှင်းတယ်။
ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်က
အခုအချိန်မှာ တကယ်ကို ကြိုးစားနေပါတယ်။ အဲဒီအတွက်လည်း အားပေးကြပါလို့ ပြောချင်ပါတယ်။
ကလောင် – ခင်ခင်ယွန်းစံ
8 Days Journal

No comments:

Post a Comment

Flag Counter