တစ်ခေတ်တစ်ခါက မော်ဒယ်လောက ခေတ်ဦးမှာ
လှုပ်ရှားခဲ့ပြီး စူပါကော်ဖီမစ် ကြော်ငြာနဲ့ လူသိများခဲ့တဲ့ သန္တာလှိုင်ဟာ
တိုင်းတစ်ပါးကို ထွက်ခွာသွားခဲ့ရာ မြန်မာ ပရိသတ်နဲ့ အဆက်ပြတ်ခဲ့ပါတယ်။
ယခုအခါမှာတော့ အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီး
အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါတယ်။ သူ့ကိုချစ်တဲ့သူက ချစ်တဲ့
ပရိသတ်ကြီးအတွက် သူ့ရဲ့ ပုံရိပ်တချို့ကို 8 DAYS စာမျက်နှာပေါ်တင်ပြီး
မျက်နှာချင်းဆိုင် ထိုင်စကားပြောကြည့်မိလိုက်တော့..
အနုပညာလောကထဲကို ဘယ်အချိန်က စတင်ဝင်ရောက်ဖြစ်ခဲ့ပြီး လက်ဦးဆရာက ဘယ်သူပါလဲ။
ကြာလှပါပြီ။ ပြောရင် အခုခေတ်ကလေးတွေ
သိတော့မှာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ Modelling လောကကို သန္တာလှိုင်တို့၊
မြတ်ရွှေဝါတို့၊ မတင်မိုးလွင်တို့ ပပဝင်းတို့နဲ့ စခဲ့တာ Mr.Brian က ဒီလူတွေ
အားလုံးရဲ့ လက်ဦးဆရာလို့ပြောရင် လုံလောက်ပါပြီ။
ဇာတ်ကား မရိုက်ဘဲနဲ့ ကြော်ငြာ၊ Photo Model အဖြစ် ရပ်တည်ဖြစ်ခဲ့ပုံ . . .
မြန်မာနိုင်ငံမှာက မင်းသမီးတွေက Model
ဆိုတာ မင်းသမီးတွေထက် အမြဲ တစ်ဆင့်နိမ့်နေမှာပဲလို့ မြင်ကြပါတယ်။
မင်းသမီးတစ်လက် ကိုယ်တိုင်က အစ်မကို ရှင်းပြခဲ့တာမို့လို့ အခုလို
တပ်အပ်ပြောနိုင်တာပါ။ သူက စိတ်ရင်းစေတနာရင်းနဲ့ ကိုယ့်ကို တတ်စေချင်တဲ့
သဘောနဲ့ သူမြင်တယ်လို့ မြင်တဲ့နေရာတစ်ခုကို ဆွဲခေါ်တဲ့သဘောပါ။ အစ်မကတော့
ဘယ်နေရာကိုမှ အမြင့်အနိမ့်ဆိုပြီး ယှဉ်ပြီး မကြည့်ဖူးတော့ အဲလိုမမြင်ပါဘူး။
ဘာအလုပ်ပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်သာ အကောင်းဆုံးဖြစ်ရင်
ကိုယ့်နေရာနဲ့ကိုယ် ရပ်တည်လို့ ရနေမှာပဲလို့ ယုံကြည်တဲ့အတွက်
ကိုယ်ဝါသနာပါတာပဲ ကိုယ်လုပ်ပါတယ်။
မိသားစု ဘဝလေး သိချင်ပါတယ်။
ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရပါတယ်။ အစ်မရဲ့ ဖခင်ဖြစ်သူက နိုင်ငံရေးလုပ်ပြီး
စီးပွားရေး ပြိုပျက်ကာ အိမ်ထောင်ရေး မသာယာဘူးလို့ ကြားရလို့ပါ။
အစ်မရဲ့ အဖေက ၁၉၉၆ ကနေ ၂၀၀၂ အကုန်အထိ
နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲမှာ နေခဲ့ရတာပါ။ အစ်မတို့ တစ်မိသားစုလုံးက
ဂုဏ်ယူစွာနဲ့ သူယုံကြည်ရာ သူလုပ်တာကို မဟန့်တားပါဘူး။ အမြဲတမ်း သူ့အတွက်ဆို
အဆင်သင့်ရှိပေးခဲ့တာ။ အဖေနဲ့ အမေက ချစ်လွန်းတော့ အရမ်းရန်ဖြစ်တယ်။
နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဘူးထင်တယ်။ လင်မယား ရန်ဖြစ်တိုင်း အိမ်ထောင်ရေး
အဆင်မပြေဘူးလို့ ပြောရရင်တော့ လင်မယားတိုင်း အဆင်မပြေဘဲ နေမှာပါ။
အစ်မငယ်ငယ်တုန်းက သူတို့ အချစ်လွန်ပြီး ရန်ဖြစ်ရင်းနဲ့
ကွဲတောင်ကွဲကြဖူးသေးတယ်။ ဒါပေမယ့်လည်း မနေနိုင်ကြဘူး ပြန်ပေါင်းကြတာပဲ။
အခုချိန်ထိ စီးပွားရေးကို အမေက သူဌေးသမီးပေမယ့် စီးပွားရှာတာ တော်တယ်။
ထမင်းသာ မချက်တတ်ရင် နေမယ်။ မြန်မာပြည်ရဲ့ ပုစွန်တွေ ငါးတွေ Export market
ကို စထွင်ခဲ့တာ အမေပါ။ အဖေ ထောင်ထဲဝင်လို့ အဖေ့စီးပွား ရပ်လိုက်လည်း အမေရဲ့
စီးပွားက တိုးတက်ဆဲဆိုတော့ မိသားစုတွေ ဘာမှန်း သိတောင်မသိလိုက်ရဘူး။
ဒီလိုနဲ့ အစ်မတို့က မိဘရဲ့ နွေးထွေးတဲ့ မေတ္တာကိုတော့ ရခဲ့တယ်။ လူချင်းသာ
နေ့တိုင်းမတွေ့ရရင် နေမယ်။ မိဘမေတ္တာတော့ အပြည့်ရခဲ့တယ်။
Super Coffee Mix ကြော်ငြာက ပရိသတ် တော်တော်များများ သတိထားမိခဲ့တဲ့ ကြော်ငြာလေး တစ်ခုပါ။ အဲဒီနောက်ပိုင်း ဘာကြောင့် ပျက်သွားပါသလဲ။
Super Coffeemix က 99 တုန်းက
ရိုက်ထားတာဆိုရင်တော့ ဘာကြောင့် ပျောက်သွားတာလဲ ရှင်းနေတာပဲ ဒီမှာ
မနေတော့လို့ပေါ့။ အခု March လကမှ ပြန်ပြီး စတင်နေပါပြီ။ Laser Shower Cream
TV ပေါ်မှာ ပြနေပါပြီ။ Enavose Skin Care ကလည်း Billboard May လထဲမှာ
ဆူးလေနားမှာ တပ်မယ်။ The Rich Gem Bill-boards နှစ်ခုက ပြည်လမ်းမပေါ်မှာ
မမြင်ချင်မှ အဆုံးဘဲဆိုတော့ 99 တုန်းက ပျောက်သွားတာကို မေးတာထင်တယ်နော်။
Photo Model ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ လိုအပ်မယ်လို့ ထင်ပါလဲ။
အသေးစိတ်ကို သေချာ စနစ်တကျရေးပြီး သေချာ
သင်ကြားထားတာ MRTV 4 မှာ လာပါလိမ့်မယ်။ မြန်မာပြည်ရဲ့ Super Model
ရွေးပွဲမှာ အစ်မက အဓိကဆရာ – ဒိုင် အနေနဲ့ တင်ဆက်ထားတာ အဲဒီမှာ ကြည့်ပါလို့
တိုက်တွန်းချင်ပါတယ်။ စာမျက်နှာပေါ်မှာ ရှင်းပြရင် စာရွက် မဆံ့မှာ
စိုးလို့ပါ။
အစ်မရဲ့ Role Model က ဘယ်သူဖြစ်မှာပါလဲ။ ဘာကြောင့်ပါလဲ။
Role Model ဆိုတာ တစ်ယောက်တည်း အလုံးစုံ Role Model လုပ်လို့ရတဲ့လူ မရှိပါဘူး။ သင်ဆရာ မြင်ဆရာတွေကတော့ အများကြီးပါ။
အစ်မက Popular ဖြစ်ချင်တာလား။ Famous ဖြစ်ချင်တာပါလား။ အဲဒါလေး ခွဲခြားပြပါ။
အစ်မက Popular လည်း မဖြစ်ချင်ဘူး။ အစ်မရဲ့
Personality က Introvert လို့ခေါ်တယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့လူ။
လူအများကြားရောက်ရင် Popular ဖြစ်တဲ့ လူတွေလိုမျိုး စကားသံကျယ်ကျယ်နဲ့
ဟိုနေရာ ကူးဒီနေရာ ကူးမနေတတ်တဲ့ လူပါ။ ရွေးစရာရှိရင် မိတ်ဆွေတွေ
အများကြီးဖိတ်ပြီး လုပ်ရတဲ့ပွဲထက် ကိုယ်နဲ့ အဆင်ပြေတဲ့ သူငယ်ချင်း
သုံးလေးယောက်နဲ့ အချိန်ဖြုန်းရတာကို ပိုကြိုက်ပါတယ်။ Famous ဖြစ်ချင်လို့
Modelling ကို လုပ်တာလည်း မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ အလုပ် ဝါသနာပါလွန်းလို့
လုပ်ရင်းနဲ့ ဒီလုပ်ငန်းမှာ အောင်မြင်ချင်ရင်တော့ Well Known ဖြစ်မှ
ကိုယ်လိုချင်တဲ့နေရာကို ယူလို့ရမှာ ဖြစ်တဲ့အတွက် Famous ဖြစ်ရတာကိုတော့
စိတ်ထဲမှာ မငြိုငြင်ပါဘူး။ ဖြစ်ချင်လွန်းလို့လို့ ပြောလို့မရပေမယ့်လည်း
Famous ဖြစ်ရတာကိုလည်း မငြိုငြင်ပါဘူးလို့ ပြောလို့ရပါတယ်။ Privacy တော့
လျော့သွားတာပေါ့။
အစ်မအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖြစ်တဲ့ ရည်ရွယ်ချက်။ ဘယ်နှနှစ် ထွက်ခွာသွားပြီး ဘယ်နိုင်ငံကို ထွက်သွားပြီး ဘာလုပ်ဖြစ်တာပါလဲ။
99 အကုန် Dec 21 က ထွက်သွားတာ။ Australia
မှာပဲ အခြေချခဲ့တာ 2009 ကျမှ ပြန်လာဖြစ်တာပါ။ မေးချင်တာက Brunei
ရောက်သေးလားလို့ မေးချင်တာ မဟုတ်လား။ တစ်ခါတည်း ဖြေပေးလိုက်ပါမယ်
မရောက်ဖူးသေးပါဘူး။ ရောက်တော့ရောက်ဖူးချင်ပါတယ်။ ကိုယ့်နာမည် အခုချိန်အထိ
လူတွေ စိတ်ဝင်တစားရှိနေတာ Brunei ကြောင့် အများကြီးပါတယ်လို့လည်း ထင်ပါတယ်။
ကျေးဇူးတင်သင့်တယ်လေနော်။ ပြန်လာဖြစ်တာကတော့ အလည်လာရင်းနဲ့
ဒီမှာလုပ်စရာတွေက များပြီးရင်း များရင်းနဲ့ ပျော်ပြီးရင်း ပျော်လာလို့
မပြန်တော့ဘဲ အပြီးပြောင်းဖို့ စဉ်းစားလိုက်တာပါ။
အခုလက်ရှိ မြန်မာနိုင်ငံမှာ ဘာစီးပွားရေး လုပ်ကိုင်ပြီး ဆက်လက်၍ အနုပညာ အလုပ်တွေကို လုပ်ဖို့ ရှိပါသလား။
ဘာစီးပွားလဲ ဆိုတာကတော့ အကောင်အထည်
ဖေါ်ဆဲမို့ စပြီးဖွင့်ပြီဆိုမှ ကြေညာချင်ပါတယ်။ Service Industry လို့
ပြောရင်ရပါတယ်။ အနုပညာ အလုပ်ကတော့ ကြော်ငြာနဲ့ TV Series တွေ
ဆက်လုပ်နေပါတယ်။ MRTV 4 မှာ စောင့်ကြည့်ပါ။ Model Show တစ်ခုပေါ့။
ဘာကြောင့် ဗီဒီယို သရုပ်ဆောင် မလုပ်ဖြစ်တာပါလဲ။
သရုပ်ဆောင်ဆိုတာ ပါရမီနဲ့ ဝါသနာပါမှ လုပ်လို့ အောင်မြင်မှာပါ။ အစ်မမှာ နှစ်ခုစလုံး မပါဘူး ထင်ပါတယ်။
အစ်မရဲ့ သားသမီး နှစ်ယောက်ကို မိတ်ဆက်ပေးပါဦး။ သူတို့ရဲ့ အနာဂတ်အတွက် ဘယ်လို စီမံထားပါသလဲ။
သမီးက Zakeza တဲ့ June ဆိုရင် ၉
နှစ်ပြည့်ပြီ။ သားက Rayn လို့ခေါ်တယ်။ ၁ နှစ်ခွဲပဲ ရှိသေးတယ်။
သူတို့လေးတွေအတွက် အကောင်းဆုံး မိဘ အနေနဲ့ ပေးနိုင်တာကတော့ ပညာရေးနဲ့
မိစုံဖစုံ မေတ္တာပါပဲ။
နိုင်ငံခြားမှာ
နေထိုင်ခဲ့တဲ့သူဆိုတော့ နိုင်ငံခြားက Fashion Design ဝတ်စားဆင်ယင်မှုနဲ့
အခုလက်ရှိ မြန်မာနိုင်ငံက အမျိုးသမီးလေးတွေရဲ့ ဝတ်စားဆင်ယင်မှုလေးတွေကို
နှိုင်းယှဉ်ပြပါဦး။
အစ်မနေခဲ့တဲ့ နိုင်ငံက ကမ္ဘာမှာ Fashion
မကျဆုံး Fashion နဲ့ ပတ်သက်လာရင် နောက်အကျဆုံး Australia နိုင်ငံပါ။
ဝတ်စားဆင်ယင်မှုက မြန်မာအမျိုးသမီးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ design တွေ
ဝတ်တာပေါ့နော်။ Australia က သက်သောင့်သက်သာရှိဖို့ကို အဓိက ဦးစားပေးတဲ့
နိုင်ငံမို့လို့လား မသိဘူး။ မြန်မာပြည်က Fashion နဲ့ ပတ်သက်လာရင် ပိုပြီး
ဦးစားပေးတာကို တွေ့ရတယ်။
8 DAYS ပရိသတ်ကို အစ်မ ပြောချင်နေတဲ့ စကားလေးတွေရှိရင် ပြောပေးရင်း နှုတ်ဆက်စကားလေး ပြောပါဦး။
TV ပေါ်မှာ ကြော်ငြာတွေ အများကြီး တက်နေပါပြီ။ စောင့်ကြည့် အားပေးကြပါလို့။
No comments:
Post a Comment