Search Box

Members

Monday, November 5, 2012

ရန်ကုန်တွင် ပြန်ကျင်းပမည့် အကယ်ဒမီပွဲ

မြန်မာရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲကို ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်  ရန်ကုန်မြို့၌ ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်   ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တပ်မတော်အစိုးရလက်ထက်တွင် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစကာ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်လာသော နေပြည်တော်တွင် ကျင်းပခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ ဦးအောင်ကြည်ဖြစ်လာချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ၏ တောင်းဆိုချက်အရ  ၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီပွဲကို ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ နေပြည်တော်တွင် ကျင်းပခဲ့သည့် ငါးနှစ်တာအတွင်း အများပြည်သူပရိသတ်တို့ တက်ရောက်ကြည့်ရှုခွင့်မရခဲ့ဘဲ အစိုးရဌာနမှ ၀န်ထမ်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများသာ တက်ရောက်ခဲ့ရသည့် အကယ်ဒမီချီးမြှင့်ပွဲများဖြစ်ခဲ့ပြီး ယခုရန်ကုန်တွင်ကျင်းပမည့်ပွဲတွင်မူ ယခင်ရန်ကုန်ပွဲများကဲ့သို့ အများပြည်သူကြည့်ရှုနိုင်ရန် လက်မှတ်များ ရောင်းချသွားဖွယ်ရှိကြောင်း ဦးရဲထွဋ်ကပြောသည်။
“ရန်ကုန်မှာလုပ်ရတဲ့အကြောင်းကိုက အနုပညာရှင်နဲ့ ပြည်သူတွေ စုံစုံညီညီတက်ရောက်နိုင်ဖို့ဖြစ်တဲ့အတွက် အရင်ပွဲတွေလိုမျိုး လက်မှတ်ရောင်းချဖို့က ယေဘုယျအားဖြင့်တော့ မှန်ပါတယ်။ ကျန်တာတော့ ရုပ်ရှင်လုပ်ငန်းက တင်ပြလာတာကို ညှိနှိုင်းရမှာပါ”ဟု ၄င်းကပြောသည်။
၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်မည့်အကယ်ဒမီဆုစာရင်းဝင် ဇာတ်ကားမှာ ၁၅ ကားဖြစ်ပြီး ဒရာမာဇာတ်ကားငါးကားသာ ပါဝင်ကာ ယင်းငါးကားအနက်  ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးထားပြီး နိုင်းနိုင်းနှင့် သက်မွန်မြင့်တို့ သရုပ်ဆောင်ထားသည့် “ပန်းကြာဝတ်မှုန်”ဇာတ်ကားမှာ ထူးချွန်ဆု အနည်းဆုံးနှစ်ခုခန့် ရရှိနိုင်ကြောင်း ခန့်မှန်းထင်ကြေးများ ထွက်ပေါ်နေသည်။

No comments:

Post a Comment

Flag Counter