လမ်းမခွဲကြေးသီချင်းနဲ့ လူသိများ
အောင်မြင်လာတဲ့ တေးသံရှင်၊ သရုပ်ဆောင် အေသင်ချိုဆွေရဲ့ ဆန့်ကျင်ဘက်
အမျိုးသားအပေါ် အမြင်ကို ဖော်ပြလိုက်ပါတယ်။
မိန်းကလေးတစ်ယောက်ဖြစ်ရတဲ့အပေါ် ခံစားချက်
ဘုရားက လူအဖြစ် ဖန်ဆင်းပေးတာကိုပဲ
ကျေးဇူးတင်လှပါပြီ။ လူ့ဘ၀က ရခဲတယ်လေ။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးးပဲ
ဖြစ်ဖြစ်ပါ။ မိန်းကလေးကတော့ လှလှပပ ပြင်ဆင်ပြီးလည်း နေလို့ရတယ်။
ဦးစားပေးလည်း ခံရတယ်လေ။
ယောက်ျားလေးနဲ့ ပတ်သက်ပြီး ရင်ခုန်တတ်ခဲ့တာ အသက်ဘယ်နှနှစ်လောက်မှာလဲ။
အဆိုတော်ဖြစ်ပြီးမှပါ။ အသက် ၁၇နှစ် လောက်ကစပြီး ရင်ခုန်တတ်ခဲ့ပါတယ်။
ဘယ်လိုယောက်ျားလေးပုံစံမျိုးကို သဘောကျလဲ (သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ဖက်)
ယောက်ျားပီပီသသနဲ့ တည်ကြည်တာကို ကြိုက်တယ်။ မိန်းကလေးတစ်ယောက် အားကိုးထိုက်တဲ့ အရည်အချင်း ရှိရမယ်။ စိတ်ထားကောင်းရမယ်။
ယောက်ျားလေးတွေရဲ့ အသံနဲ့ပတ်သက်ပြီး Feeling (အသံချို၊ အသံအော စသဖြင့် နှစ်သက်တာရှိလား)
သြဇာရှိတဲ့အသံကိုတော့ ပိုသဘောကျ တယ်။ ဘယ်လိုအသံရယ်မှလို့ မရှိပေမယ့် ယောက်ျားပီသတဲ့ အသံမျိုးကို ကြိုက်တယ်။
ယောက်ျားလေးတစ်ယောက်ကို နားလည်ရတာခက်လား။
အေသင်တွေ့ရသလောက် ယောက်ျားလေးတွေက
မိန်းကလေးတွေထက် ပိုမာယာများတယ်။ ပိုစိတ်ကောက်တတ်တယ်။ အပြောင်းအလဲ မြန်တယ်။
အဲဒီတော့ နားလည်ရခက်တာပေါ့။
ယောက်ျားလေးတွေနဲ့ ပတ်သက်ပြီးကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်။
အကူအညီပေးတတ်တာ၊ စာနာ နားလည်ပေးတာတွေကို သဘောကျသလို မာယာများတာ၊ အပြောင်းအလဲ မြန်တာကိုတော့ မကြိုက်ဘူး။
အခုခေတ်ယောက်ျားလေးတွေကို ဘယ်လိုမြင်လဲ။
အခုခေတ်ကောင်လေး ၁၀၀ မှာ ၉၀ က အလှအပ
ကြိုက်လာကြတယ်။ အ၀တ်အစားဆိုလဲ Style ကျတာထက် လွန်ပြီး စီးကွင့်တွေ ထိုးပြီး
ဝတ်တာတွေတောင် တွေ့ရတယ်။ အဲ့လောက်ကြီးကျတော့ သဘော မကျဘူး။
တစ်ခါတလေမှာ “ဒီကောင်လေးသာ ငါ့ မောင်လေးဖြစ်ရင် ဘယ်လို ဆုံးမမယ်”ဆိုပြီး မျက်စိထဲ သိပ်သဘောမတွေ့တဲ့ ကောင်လေးတချို့ ကြုံဖူးလား။
တချို့ပေစောင်းစောင်း၊ ဂျစ်ကန်ကန်၊
မထီမဲ့မြင် ပုံစံလေးတွေဆို မျက်စိထဲမှာ သဘောမကျဘူး။ တချို့ကျတော့လည်း
မဟုတ်တာတွေ လျှောက်ပြောတတ်ပြန်ရော။
စိတ်ပင်ပန်းလွန်းတဲ့အခါ၊
အထီးကျန်တဲ့အခါ ခံစားချက်တွေ မျှဝေပေးနိုင်တဲ့ ယောက်ျားလေးမိတ်ဆွေ ရှိလား၊
(သူငယ်ချင်းဖြစ်စေ၊ ချစ်သူဖြစ်စေ၊ မိသားစုဆွေမျိုး ဖြစ်စေ)
အေသင်က မိန်းကလေးကျောင်းမှာ တက်တယ်။
မိန်းကလေး ကျူရှင်မှာပဲ တက်တယ်ဆိုတော့ ယောက်ျားလေးသူငယ်ချင်း နည်းပါတယ်။
ပြဿနာရှိရင် အိမ်နဲ့ပဲ တိုင်ပင်တယ်။
ယောက်ျားလေးတစ်ယောက်မှာ ရှိသင့်တယ်လို့ထင်တဲ့ အရည်အချင်း။
မိသားစုတစ်စု အားကိုးထိုက်ရမယ်။ စိတ်ထားကောင်းရမယ်။ ကိုယ်ချင်းစာစိတ် ရှိရမယ်။ နားလည်မှုရှိပြီး သဘောထားကြီးရမယ်။
အမျိုးသားတွေဆီက ဘယ်လိုလက်ဆောင်တွေ ရတတ်လဲ၊ ကိုယ်တိုင်ကော ဘယ်လိုလက်ဆောင်မျိုးကို လိုချင်လဲ၊ သိမ်းထားလေ့ရှိလား။
ဆွဲကြိုး၊ လော့ကက်သီး၊ ပန်းအိုး၊ အရုပ်၊ ချောကလက်တွေ လက်ဆောင်ရတတ်ပါတယ်။
အမျိုးသားတစ်ဦးက ကိုယ့်အတွက် ရည်ရွယ်ပြီး စာ၊ ကဗျာနဲ့ သီချင်းရေးတာလိုမျိုး လုပ်ပေးတာမျိုး ရှိလား။ ဘယ်လိုခံစားရလဲ။
အေသင့်အတွက် ကဗျာရေးပေးတာတော့ ကြုံဖူးတယ်။
ဒါကျတော့ ၀ယ်လို့လည်း မရတဲ့ လက်ဆောင်လေ။ ကိုယ့်အတွက်
သီးသန့်လေးလည်းဖြစ်တော့ တစ်မျိုးလေးပဲ။ ကြည်ကြည်နူးနူးလေးပေါ့။
အမျိုးသမီးတွေအတွက် စိတ်ကူးထဲက ချစ်သူနဲ့ လက်တွေ့ဘ၀က ချစ်သူ ကွာခြားတယ်လို့ ပြောကြတယ်။ အဲဒီစကားကို ဘယ်လိုမြင်လဲ။
စိတ်ကူးထဲမှာတော့ အရပ်မြင့်ရမယ်။
ခန္ဓာကိုယ်ပိန်တာ မကြိုက်ဘူး။ ခပ်ပြည့် ပြည့် Body ရှိရမယ်ပေါ့။
အပြင်မှာကျတော့ တချို့နေရာတွေတူပြီး တချို့လည်း မတူပါဘူး။ တစ်ထပ်တည်းတော့
မကျဘူး။
ဟင်းချက်တတ်တဲ့ အမျိုးသားတွေကို သဘောကျလား။
ဟင်းချက်တာကြိုက်တာပေါ့။ စားရတယ်လေ။ (ရယ်လျက်)
အလှအပဘက်မှာ လိုအပ်တာထက် ပိုစိတ်ဝင်စားတဲ့ အမျိုးသားတွေကို ဘယ်လိုမြင်လဲ။
သပ်သပ်ရပ်ရပ်ဆို အဆင်ပြေပါတယ်။ သိပ်အလှကြိုက်လွန်းရင် ဘယ်လောက်ပဲ ယောက်ျားပီသတယ် ပြောပြော အပုန်းလိုပဲ ဖြစ်နေမှာလေ။
ယောက်ျားလေးဆို နုဖပ်ပြီး ချောနေတာကြိုက်လား၊ ယောက်ျားပီသတာ ကြိုက်လား၊ ဘယ်လိုပုံစံ သဘောကျလဲ။
Korea မင်းသားလိုပုံစံတွေ မကြိုက်ဘူး။
အရမ်းချော၊ အသားကလည်းဖြူ ကိုင်ရက်စရာမရှိဘူး။ F4 မင်းသားတွေပဲကြည့်၊
ကောင်မလေးတွေတော့ တော်တော်ကြိုက်ကြတယ်။ အေသင်က ခံစားလို့မရဘူး။
ယောက်ျားလေးဆို body တောင့်တောင့်၊ အသားကညိုညို အဲလိုမျိုးပဲ ကြိုက်တယ်။
လူပျိုကြီးတွေကို ဘယ်လိုမြင်လဲ။
ကြေးများရင်း များရင်းနဲ့ ကြေးများလွန်သွားကြလို့ ထင်ပါတယ်။ (ရယ်လျက်)
The Chic Magazine



No comments:
Post a Comment